Issuu on Google+

ဧည့်စာရင်းမတိုင်တဲ့ကဗျာ

ငါမွေးခဲ့တဲ့ နိုင်ငံကို ငါ တပတ်လှည့်ကြည့်မယ်။ ဘယ်နေ့သွားမယ် ဘယ်မှာတည်းမယ်

ဘယ်သူတွေနဲ့တွေ့မယ်ဆိုတာ ဘယ် ခွေးတကောင် ကြောင်တမြီးကိုမှ ပြောနေစရာမလိုဘူး။ ဒီမြေက ငါ့မြေ

ဒီလူတွေက ငါ့လူတွေ ဒီရေက ငါ့ရေ ဒီသစ်ပင်က ငါ့သစ်ပင် ဒီကျွဲက ငါ့ကျွဲ ကဲ....

ငါ့အမျိုးတွေလဲ ဒီမြေပေါ်မှာနေ ဒီမြေပေါ်မှာ ပျော်ပျော်ဘဲ သေပွဲဆင်ခဲ့ကြရဲ့။

အဖိုးသေတယ်လေ အမေတို့ အမတို့ ရိုးရာမပျက်

ကျွက်ကျွက်ညံ ငိုကြရဲ့ အဖေနဲ့ ဘကြီးဦးစံသိန်းတို့က ချက်အရက်တွေသောက် တယောက်တပေါက် ငြင်းခုန်

ငါ ငါ့ယောက်ဖနဲ့ အပေါင်းအသင်းတသိုက် အော်ကြီးဟစ်ကျယ် ဖဲရိုက်ကြတယ် တညလုံး…

ရပ်နီးရပ်ဝေး ဧည့် တရုန်းရုန်း ငါ့ခွေး တီလုံး ခမြာ နေရာမရ

အုံးအုံးကျွက်ကျွက်နဲ့ အသုဘ အားရပါးရ ရှိလှရဲ့ အဘရေ ထကြည့်စမ်းဗျလို့ တို့ဟစ်ကြွေးကြ အေး

တို့ ဘယ်သူ့မှ ဧည့်စာရင်း မတိုင်ကြဘူး ငါဟာ လူသား

လွတ်လပ်စွာ သွားချင်ရာသွားခွင့်ရှိနေတယ် လင်းယုန်တကောင်လို တိမ်လွှာကိုခွဲပြီး ဒီခရီးကို သွားမယ်

မွေးမြူရေးခြံထဲက တိရစ္ဆာန်တွေလို ဒီနေ့ ဘယ်နှစ်ကောင်ပျောက် ဘယ်နှစ်ကောင်တိုး

ဒီမှာ ရိုးရိုးလေးပြောမယ် အစစ်ဆေးခံနေစရာ ငါ့မှာ အကြောင်းမရှိ မိတ်ဆွေငဲ့

သင့်မှာလဲ အကြောင်းမရှိဘူး


ငါဟာ လွတ်လပ်တဲ့လူသား

ပညတ်တော်ဆယ်ပါးမှာ ဧည့်စာရင်းတိုင်ကြလို့ မပါဘူး မဂ္ဂင်ရှစ်ပါးမှာ ဧည့်စရင်းတိုင်ကြလို့ မပါဘူး။

ငါ့နိုင်ငံထဲမှာ ငါဘယ်သွားသွား ဘယ်လာလာ ဘယ်သူ့ကိုမှ သံတော်ဦး တင်စရာမလို ဧည့်စာရင်း တိုင်စရာလဲ မလိုဘူး မိန်းမရေ အထုပ်အပိုးပြင်

ငါ့ မယ်ဒလင်ယူခဲ့

လာ တို့ခရီးထွက်မယ် လှေပေါ်တက် ရွက်လွှင့်မယ်

မိုးသီးဇွန်

မိုးသီးဇွန်ရဲ့ ကဗျာလေးတစ်ပုဒ်ပါ။

ကိုယ်ကတော့ ဒီကဗျာလေးထဲက သူ့စိတ်ကူးနဲ့ သူ့ရင်ထဲက ခံစားမှုကို သဘောကျလို့ပါ။

ညီတို့ကို အချိန်တိုင်းလိုလို သတိရနေတယ်ဆိုတာ နောက်တခေါက်ထပ်ပြောပြဖို့ မလိုသလို မကြာခဏပြောပြနေဖို့လဲ မလိုဘူးဆိုတာ ညီတို့ သိမှာပါ။ နေရတဲ့ လူ့ဘဝခဏလေးမှာ ဘဝအမောတွေက အများကြီးနော်။ ဒီရက်တွေမှာ မကြာခဏ နားထောင်ဖြစ်တဲ့ သီချင်းလေးတပုဒ်ရှိတယ်။

လူဟာ ဘယ်လောက်အထိ အသက်ရှင်မလဲတဲ့။ ဘဝမှာ ဘယ်လောက်အများကြီးထိ ရနိုင်လဲ။ အခုရထားတဲ့ လောကစည်းစိမ်တွေ ဘယ်လောက်ကြာကြာမြဲမလဲတဲ့။

ကိုယ် အိမ်ကိုလွမ်းတိုင်း ညီတို့ကိုလဲ သတိရမိတယ်။

သတိရတိုင်း ကိုယ် စာတွေရေးထားဖြစ်တယ်။ ဒါပေမဲ့ ကိုယ် မပို့တော့ပါဘူး။ ကိုယ် အိမ်ကိုလွမ်းတယ်။ အိမ်ဆိုတာ …….. အိမ်မှာ အမေရှိတယ်။ အမေရှိရင် အားလုံး ပြီးပြည့်စုံတဲ့ဘဝပါ။

ခင်တဲ့ ကိုကျော်ဦး ၂၂ ဇန်နဝါရီ ၂၀၁၁

APPROVED By Admin at 9:48 am, 1/22/11


ဧည့်စာရင်းမတိုင်တဲ့ကဗျာ